Sunday, August 20, 2017

ပါးပြင်းလေးတော့ထောင်လိုက်ပါ




တစ်ခါက တောရွာတစ်ရွာရဲ့အနီးမှာ အင်မတန် ထူထပ်လှတဲ့ မြက်ရိုင်းပင်တွေ တောထ ပေါက်ရောက်နေခဲ့ပါသတဲ့..။ အဲဒီမြက်ရိုင်းအုပ်ထဲမှာတော့ အင်မတန် အဆိပ်ပြင်းတဲ့ မြွေဟောက် တစ်ကောင် နေထိုင်တယ်..။ အဲဒီမြွေဟောက်ဟာ အင်မတန်မှလည်း ဒေါသကြီးတဲ့အလျှာက် အနီးအနားဖြတ်သန်းသွားသမျှ ရွာသူရွာသားတွေကို အမြဲတမ်းလိုက်လံ ကိုက်ခဲပါသတဲ့။ အဲဒီလို ဖြတ်သန်းသွားတဲ့လူတွေတင် ကိုက်ရတာ မတင်းတိမ်နိုင်တာကြောင့်လည်း မြွေဆိုးဟာ ရွာထဲအထိ ၀င်ရောက်ပြီး အိမ်တိုင်ရာရောက်လိုက်လံ ပေါက်တဲ့အထိ ဖြစ်လာပါသတဲ့..။

အဲဒီလို ဆိုးလွန်းတဲ့မြွေကြောင့် ရွာသူရွာသားတွေဟာ အင်မတန်မှ စိတ်ဆင်းရဲသောက ရောက်ကြရပါသတဲ့..။ မိမိလယ်ယာကိုတောင် သွားရောက် မထွန်ရက်၊ မစိုက်ပျိုးရဲတဲ့အထိ ဖြစ်လာခဲ့ပြန်တယ်။ အဲဒီအခါမှာတော့ ရွာသားတွေ ကိုးကွယ်တဲ့ ရသေ့ကြီးဟာ မြွေဟောက် ရှိရာ မြက်ရိုင်းတောကို လာရောက်ခဲ့ပါသတဲ့..။ အဲဒီအခါမှာလည်း မြွေဟောက်ဟာ ရသေ့ကြီးကို ပေါက်သတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပြန်တယ်။ ဒါပေမယ့်လည်း ထူးဆန်းစွာနဲ့ပဲ ရသေ့ကြီးဟာ တစ်စုံတစ်ရာမှ ထိခိုက်မှု မရှိတာကို မြွေဟောက်က တွေ့လိုက်ရတယ်။ အဲဒီအခါ မြွေဟောက်က အံ့သြတကြီးနဲ့ ဒီလိုမေးခဲ့တယ်

"ရသေ့.. သင်ဟာ ငါဘယ်လောက်ပေါက်ပေါက် မဖြုံဘူးပဲ..။ ဒီရွာထဲက  လူတွေဆို ငါပေါက်လိုက်လို့ကတော့ ကွမ်းတစ်ရာညက်ဆို အသေပဲ။ ရသေ့က ဘယ်လို အစွမ်းတွေနဲ့ ဒီလိုနေနိုင်ရတာလည်း"

အဲဒီလို မြွေဟောက်ရဲ့အမေးစကားကို ကြားတဲ့အခါ ရသေ့ကြီးအေးချမ်းစွာနဲ့ ကဒီလိုဖြေလိုက်တယ်

"တကာမြွေဟောက်။ လောကမှာ မေတ္တာတရားထက် ခွန်အားကြီးမားတဲ့ အရာမရှိဘူး။ သည်းခံခြင်းတရားက ငါ့ကို ကာကွယ်ပေးထားတာပဲ"

အဲဒီလိုရသေ့ကြီး အေးချမ်းစွာဖြေကြားပုံကို မြင်တဲ့အခါ မြွေဟောက်ရဲ့ ဒေါသတွေ ပြေလျော့သွားပြန်တယ်။ အဲဒီနောက်မှာလည်း ရသေ့ကြီးဟာ မြွေဟောက်ကို သည်းခံခြင်းတရား၊ ဒေါသကို ငြိမ်းအေးစေခြင်း တရားတို့ကို ကောင်းစွာဟောပြခဲ့တယ်။ အဲဒီတရား အဆုံးမှာလည်း မြွေဟောက်ကို ဒီလိုပြောခဲ့တယ်။

"တကာမြွေဟောက် အသင်ဟာ အဆိပ်အားကိုးနဲ့ ရွာသားတွေကို ကိုက်ခြင်း၊ သူ့အသက်သတ်ခြင်း ဆိုတဲ့ အကုသိုလ်ကို အကြိမ်ကြိမ်ပြုမိနေတယ်။ အဲဒီအကုသိုလ်မဖြစ်အောင် စောင့်ထိန်းလော့"

အဲဒီအခါမှာတော့ မြွေဟောက်ဟာ အင်တင်တင်နဲ့ပဲ နောင်အခါ ရွာသားတွေကို မကိုက်တော့မယ့်အကြောင်း ရသေ့ကြီးကို ကတိပေးလိုက်တယ်။ အဲဒီလိုနဲ့မြွေဟောက်ဟာ ဒေါသထွက်လာတိုင်း တရားဓမ္မကို ဆင်ခြင်ပြီး သည်းခံတတ်လာတယ်။ ချုပ်တည်းတတ်လာတယ်။ အချိန်တွေကြာလာတဲ့အခါမှာတော့ မြွေဟောက်ဟာ သဘောကောင်းတဲ့ မြွေဟောက်တစ်ကောင် ဖြစ်လာပါသတဲ့..။
အဲဒီနောက်မှာတော့ ရွာသားတွေဟာ မြွေဟောက်ကို တွေ့မြင်ပေမယ့်လည်း အရင်တုန်းကလို ထွက်မပြေးတော့ဘဲ တရင်းတနှီး ရှိလာကြပါသတဲ့။

နောင်အခါမှာတော့ ရွာသားတွေဟာ တဖြည်းဖြည်း အတင့်ရဲလာပြန်တယ်။ သူတို့တွေဟာ မြွေဟောက်ကို တွေ့တဲ့အခါ.. အပေါ်ကတောင် ခွကျော်သွားကြပြန်တယ်။ ဒါပေမယ့်လည်း မြွေဟောက်ဟာ သည်းခံမြဲ သည်းခံနေပြန်တယ်။
တဖြည်းဖြည်းနဲ့ အချိန်တွေကြာလာပြန်တဲ့အခါ ရွာသားတွေဟာ မြွေဟောက်ကို တွေ့တဲ့အခါ ကျော်ခွတောင် မသွားတော့ပဲ မြွေဟောက်အပေါ်က တက်နင်းလျှောက်လှမ်း သွားကြပြန်တယ်။ အဲဒီအခါမှာလည်း မြွေဟောက်က သည်းခံမြဲသည်းခံနေခဲ့ရပြန်တယ်..။
အဲဒီလိုနဲ့နောက်ပိုင်းမှာတော့ ရွာသားတွေဟာ မြွေဟောက်ကို တက်နင်းသွားတဲ့အပြင် အမြီးနဲ့ ခေါင်းကိုပါ ကျောက်တုံးနဲ့ ဖိထားကြပြန်တယ်။ မြွေဟောက်က သည်းခံပြန်တယ်။
အဲဒီအခါ ရွာသားတွေက မြွေဟောက်ကို တွေ့တဲ့အခါ ကြိုးခွေလို ချည်ပြီး လိန်ကျစ်ခါ စနောက်ကြပြန်တယ်။ မြွေဟောက်ခမျာလည်း ကြိတ်မှိတ်ပြီး သည်းခံရပြန်တယ်။
 နောက်ဆုံးမှာတော့ ရွာသားတွေဟာ မြွေဟောက်ကို ယူဆောင်ပြီး အမြီးက ကိုင်ကာ တစ်ယောက်တစ်လှည့် မွှေ့ယမ်း ဆော့ကစားကြပြန်သတဲ့..။ အဲဒီအခါမှာတော့ မြွေဟောက်ဟာ ဆက်လက် သည်းခံနိုင်ခြင်းမရှိတော့ဘဲ ရသေ့ကြီးရဲ့ ကျောင်းသင်္ခန်းကို သွားရောက်ပြီး ဒီလို အပြစ်တင်ခဲ့တယ်

"ရသေ့ကြီး ကျုပ်ဟာ အသင်ဟောပြတဲ့ တရားဓမ္မကို ဆင်ခြင်ပြီး သည်းခံခဲ့ပါတယ်။ ဒါပေမယ့် ဒင်းတို့ဟာ တဖြည်းဖြည်းနဲ့
ရောင့်တက်လာတယ်။ ခုဆို ကျုပ်ကို အမြီးက ကိုင်ပြီး မွှေ့ယမ်း ဆော့ကစားမှုကိုတောင် ပြုလုပ်နေကြတယ်။ အဲဒီတော့ ကျုပ် ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ ရသေ့ကြီးပြောတော့ သည်းခံခြင်းသည် အောင်မြင်ခြင်းဆို၊ မေတ္တာရောင်ပြန်ဟပ်ဆို၊ ခုတော့ ရောင်ပြန်မဟပ်ပဲ ကြာရင် ကျုပ်သေတော့မယ်"

အဲဒီအခါ ရသေ့ကြီးက မြွေဟောက်ရဲ့ဖြစ်အင်ကို ကြည့်ပြီး အားပါးတရ ရယ်မောပြန်တယ်။ ပြီးတော့ ရသေ့ကြီးက ဒီလိုမိန့်လိုက်တယ်

"မြွေဟောက်.. သေချာနားထောင်လော့.. ငါက သင့်ကို မကိုက်ဖို့ပဲ ဆုံးမခဲ့တာ..။ ပါးပြင်းမထောင်ရဘူးလို့ မဆုံးမခဲ့ဘူး" တဲ့
ပုံပြင်လေးကိုတော့ ဒီနေရာမှာပဲ အဆုံးသတ်ထားပါတယ်။

တကယ်တော့ ကျွန်တော်တို့ဟာ ပုံပြင်ထဲက မြွေဟောက်လိုပဲ ဖြစ်ကြတယ်။
တစ်ခါတစ်လေ အလွန်အမင်းသဘောကောင်းခြင်းဟာ အန္တရာယ် ရှိတတ်တယ်ဆိုတာ သားသား/ မီးမီးတို့ကိုပြောပြထားဖို့လိုမယ်ထင်ပါတယ်။
                               
   နွေမင်းသစ်
------------------
Cd  #YeZaw

Friday, August 18, 2017

လူ့ အဖွဲ့ အစည်းကို ဘယ်လိုဦးဆောင်မလဲ ???



ဦးဆောင်သူတွေမှာ တကယ်တမ်းက ကိုယ်ဦးဆောင်ဦးရွက်လုပ်ရတဲ့ အဖွဲ့ အစည်း၊ ဒါမှမဟုတ် လူ့ အသိုင်းအ၀ိုင်းတစ်ခုရဲ့ အရေးကြီးဆုံးအရာ
ကဘာလဲ၊ သူတို့ ဟာ ဘာအလိုချင်ဆုံးလဲ စတဲ့အရာတွေကို သိအောင်လုပ်ရမယ့် အစီအစဉ်တစ်ခုခုရှိရမှာဖြစ်တယ်။ လုပ်ငန်းခွင်ထဲကို ပထမ
ဆုံးဝင်တဲ့အချိန်မှာ စလုပ်သင့်တဲ့အလုပ်ဟာ အဲဒီအလုပ်ပါ။
မိမိဦးဆောင်တဲ့အဖွဲ့ အစည်းရဲ့ ယဉ်ကျေးမှု၊ အလေ့အထတွေကို သိရှိနားလည်ထားဖို့ လိုတယ်။ ပြီးရင် မိမိရဲ့အရည်အသွေး၊ လမ်းညွှန်ပြသပေး
မှု၊ မိမိရဲ့လုပ်ငန်းခွင်အတွေ့ အကြုံကောင်းတွေနဲ့ အတူ မိမိလက်အောက်ကို သက်သေပြလုပ်ဆောင်သွားနိုင်ဖို့ လည်းလိုတယ်။ ဖွံ့ ဖြိုးတိုးတက်မှု
ဆိုတာကို အပြန်အလှန်ယုံကြည်မှုတည်ဆောက်ပြီးမှ လုပ်သွားလို့ ရနိုင်တာမျိုးဖြစ်ပါတယ်။
အဖွဲ့ အစည်းတစ်ခုရဲ့ဘုတ်အဖွဲ့ မှာပါဝင်တဲ့သူတွေကို ကိုယ့်အဖွဲ့ အစည်းအကြောင်း၊ ကိုယ်တာဝန်ယူထားတဲ့ လူ့ အသိုင်းအ၀ိုင်းတစ်ခုအကြောင်း
စတာနဲ့ ပက်သတ်တဲ့ အစီရင်ခံစာ၊ ဒီလိုမှမဟုတ်ရင် အကြံပြုစာတွေကို တောင်းခံပြီးမှ ဦးဆောင်သူဟာ ဘာလုပ်ရမလဲဆိုတဲ့အပိုင်းကို ချမှတ်တာ
အကောင်းဆုံးပဲ။ ဒီကနေ တစ်သဘောတည်းဖြစ်နေတဲ့အပိုင်းကို အရင်ဆုံးဖြည့်ဆီးလုပ်ဆောင်လို့ ရမှာလည်းဖြစ်ပါတယ်။
တကယ်တော့ တိုးတက်မှုအလားအလာအကောင်းဆုံးအသိုင်းအ၀ိုင်းမှာဆိုရင် သူတို့ ရဲ့စားဝတ်နေရေးကလည်း အဓိကကျမည်မဟုတ်ပါ။ သူ
တို့ ရင်သွေးငယ်လေးတွေရဲ့ ခန္ဓာကိုယ်ဖွံ့ ကြီးထွားမှုကလည်း အဓိကမဟုတ်ပါ။ သူတို့ ရင်သွေးငယ်လေးတွေရဲ့ စိတ်ဓာတ်ပြုပြင်ရေးကိစ္စကသာ
အဓိကဖြစ်လာပါတယ်။ သူတို့ က သူတို့ ရင်သွေးငယ်တွေကို အသိပညာ၊ အတတ်ပညာတတ်စေချင်ကြတာပါ။
ဒီတော့ အသိပညာနဲ့ အတတ်ပညာဟာ တိုးတက်တဲ့လူ့ အသိုင်းအ၀ိုင်းတစ်ခုကိုဖန်တီးနိုင်တယ်လို့ ဆိုရမှာပေါ့။ ဒီအပိုင်းကို ဟန်ချက်ညီအောင်
ဖြည့်စည်းမှုပြုလုပ်ပေးနိုင်တဲ့ ဦးဆောင်သူများဟာ လူ့ အသိုင်းအ၀ိုင်းရဲ့တကယ့်သူရဲကောင်းဖြစ်လာမှာပါ။ လူအများရဲ့အရေးကို ဦးစားပေးအလေး
ထားတဲ့သူတွေဟာ လူအများရဲ့ဦးစားပေးအလေးထားမှုကိုခံရတဲ့ဦးဆောင်သူများဖြစ်လာတာပါပဲ။

#TrueMan

Tuesday, July 18, 2017

ယုံကြည်မှုတည်ဆောက်ခြင်း


ယုံကြည်မှု တည်ဆောက်ခြင်းသည် မိသားစု၊ မိတ်ဆွေအသိုင်းအ၀န်း၊ အဖွဲ့စည်း အချင်းချင်းကြား၊ စီးပွားရေး လောကမှသည် နိုင်ငံတကာဆက်ဆံရေး နယ်ပယ်အထိ လွန်စွာအရေးပါပေသည်။ ယုံကြည်မှု တည်ဆောက်ရာ (Trust Building)တွင် အဓိကအခြေခံအုတ်မြစ် (၃)ခုဖြစ်သော ပွင့်လင်းမြင်သာမှု (Transparency)၊ အချင်းချင်း အလေးထားဆက်ဆံမှု(Respect)နှင့် ရိုးဖြောင့်မှု(Honesty)တို့ဖြင့် တည်ဆောက်ဖို့လိုပေသည်။ ထိုအခြေခံ အုတ်မြစ် (၃)ခုသည် သုံးပွင့်ဆိုင်ပုံသဏ္ဍာန် တည်ရှိနေပေသည်။ ညီတူညီမျှ အရေးကြီးသည်ဟု ဆိုလိုခြင်းဖြစ်သည်။

တစ်ဦးအပေါ်တစ်ဦး ရိုးသားဖြောင့်မတ်စွာ ဆက်ဆံခြင်းသည် ယုံကြည်မှုတည်ဆောက်ခြင်း၏ အခြေခံအုတ်မြစ် တစ်ခုပင် ဖြစ်သည်။ “ကောက်သော် စားမလောက်၊ ရိုးသော်စားမကုန်”ဟူသော ဆိုးရိုးစကားလည်း ရှိပေသည်။ ရိုးသားဖြောင့်မတ်စွာ နေထိုင်ခြင်း၊ တွေးခေါ်ခြင်း၊ ပြောဆိုခြင်းဖြင့် လူအချင်းချင်းကြား၊ လူအဖွဲ့အစည်းများကြား၊ လုပ်ငန်းခွင်စသည်ဖြင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် မိမိတို့၏ ရိုးသားဂုဏ်ဖြင့် ပုံရိပ်ကောင်းကို တည်ဆောက်စေလိုသည်။ သို့မှသာ မိမိ ကျင်လည်ရာ ပတ်ဝန်းကျင်တွင် ဂုဏ်သိက္ခာမြင့်မားစွာဖြင့် ၀င်ဆံ့နိုင်ပေလိမ့်မည်။ သူတစ်ပါး၏ မရိုးဖြောင့်မှုကိုသာ ဝေဖန် ဆန်းစစ်နေခြင်းထက် မိမိကိုယ်တိုင်သည်လည်း မိမိ၏ မိသားစုအပေါ်၊ မိတ်ဆွေအပေါ်၊ အဖွဲ့အစည်းအပေါ်၊ ပတ်ဝန်းကျင် အပေါ် ရိုးသားစွာကျင့်ကြံမှု ရှိ/မရှိကို ကိုယ်တိုင်ပြန်ဆန်းစစ်ဖို့ လိုပေသည်။

ထိုနည်းတူစွာပင် မည်သည့် ဆက်ဆံရေးနယ်ပယ်တွင်မဆို တစ်ဦးနှင့်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု ဆက်ဆံရာတွင် အချင်းချင်း အပြန်အလှန် လေးစားစွာ ဆက်ဆံဖို့လိုပေသည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားမှုဖြင့် ဆက်ဆံ ရာတွင် တစ်ဖက်သား၏ ခံစားချက်ကို နားလည်ပေးခြင်း၊ ဆန္ဒကို ညှိနှိုင်းဆွေးနွေး ဖြည့်စွက်ပေးခြင်း၊ တစ်ဖက်သား၏ အခွင့်အရေးကို မထိခိုက်စေရန် ထည့်သွင်းစဉ်းစားစေခြင်းတို့ကို လုပ်ဆောင်ဖို့ လိုပေသည်။ အခြားသူတို့၏ လေးစားမှုကို လိုချင်လျှင် မိမိကိုယ်တိုင်လည်း လေးစားအားထားရသော အရည်ကောင်းများဖြစ်သည့် သဘောထား မြင့်မြတ်မှု၊ အမြော် အမြင်ကြီးမားမှုနှင့် စိတ်စေတနာကောင်းထားရှိမှုစသည့် ကိုယ်ရည်ကိုယ်သွေးများ ပိုင်ဆိုင်ထားခြင်း ရှိ/မရှိ ဆန်းစစ်ဖို့ လိုပေသည်။ အပြန်အလှန် လေးစားဆက်ဆံမှုဟူသည် တန်ပြန်သက်ရောက်မှု သဘောရှိကြောင်းကို သတိပြုသင့်ပေသည်။

ထိုကဲ့သို့သော အခြေခံအုတ်မြစ် (၂)ခုဖြစ်သည့် ရိုးဖြောင့်မှု(Honesty)နှင့် အပြန်အလှန်လေးစားမှု (Mutual Respect) တို့ကို တည်ဆောက်ပြီး နောက်ထပ် အခြေခံအုတ်မြစ်တစ်ခုဖြစ်သော ပွင့်လင်းမှုရှိခြင်း(Transparency)ဖြင့် ယုံကြည်မှု တည်ဆောက်ခြင်း (Trust Building)ကို လုပ်ဆောင်နိုင်ပေလိမ့်မည်။ ပွင့်လင်းစွာဆက်ဆံခြင်း(Transparent Communication)သည် ရင်းနှီးခင်မင်မှုကို တိုးစေသည်။ မိမိကိုယ်ကို ယုံကြည်မှုတိုးစေသည့်အပြင် အချင်းချင်းကြား ယုံကြည်မှုကိုလည်း မြင့်မားစေသည်။

မည်သည့်နယ်ပယ်တွင်မဆို ဆက်ဆံရေး ချဲ့ထွင်လိုပါက လွတ်လပ်ပွင့်လင်းသော အတွေးအခေါ်၊ အပြုအမူ၊ အပြောအဆိုတို့ဖြင့်သာ ချဲ့ထွင်နိုင်ပေလိမ့်မည်။ မိမိကိုယ်တိုင်က ကောက်ကျစ်စဉ်းလဲသော အမြင်၊အတွေး၊အပြုအမူတို့ကို ကျင့်သုံးနေပါက ဆက်ဆံရေးလမ်းကြောင်းတွင် မရိုးဖြောင့်ခြင်းနှင့်သံသယရှိခြင်းစသည့် ဆူးခလုတ်များဖြင့်သာ ကြုံရပေလိမ့်မည်။ ဆက်ဆံရေးနယ်ပယ်ကို မည်သို့မျှ ချဲ့ထွင်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်ပင် ယုံကြည်မှုတည်ဆောက်ရာတွင် ထိုအခြေခံ အုတ်မြစ်(၃)ခု၏ အရေးပါမှုနှင့် တန်ပြန်သက်ရောက်မှုတို့ကို သိရှိနားလည် လိုက်နာကျင့်သုံးဖို့ လိုပေသည်။

ထို့ပြင် ယုံကြည်မှုတည်ဆောက်သူ(Trust Builders)တို့အဖို့ သတိထားသင့်သည်မှာ ယုံကြည်မှုတည်ဆောက်ခြင်းသည် တဒင်္ဂအတွင်းမှာပင် ပြိုကွဲပျက်စီးနိုင်ကြောင်း ပင်ဖြစ်သည်။ အနှစ်နှစ် အလလက ခင်မင်ရင်းနှီးခဲ့ပြီး ယုံကြည်မှုကို ခိုင်မာစွာ တည်ဆောက်ထားနိုင်ခဲ့သည့် မိတ်ဆွေအချင်းအချင်း၊ အဖွဲ့အစည်းအချင်းအချင်းနှင့် လုပ်ဖော်ကိုင်ဖက် အချင်းချင်းတို့ကြား တဒင်္ဂအတွင်းမှာပင် ယုံကြည်မှုပျက်ပြားပြီး တစ်ဦးနှင့်တစ်ဦး ရန်သူသဖွယ် ဖြစ်သွားရခြင်း၊ သံသယများဖြင့် ဆက်ဆံ လာခြင်းတို့ကို ကြုံဖူးကြားဖူး ကြပေလိမ့်မည်။

ထိုကဲ့သို့ ယုံကြည်မှု ကျဆင်းရခြင်း(Low Trust)နှင့် ပျက်သုဉ်းရခြင်း(Trust Violation)မှာ တစ်ဖက်သား၏ ခံစားချက်ကို နားလည်မှုမရှိခြင်း၊ လူမှုဆက်ဆံရေး ကျင့်ဝတ်ကို မလိုက်နာခြင်း၊ အကောင်းမြင်စိတ်နည်းပါးခြင်းနှင့် အနုတ်လက္ခဏာ ဆောင်သည့်အမြင်ဖြင့်သာ တစ်ဖက်သတ် လုပ်ဆောင်ခြင်း တို့ကြောင့် ဖြစ်သည်ဟု Ann Brown ကဆိုခဲ့သည်။ ပြိုကွဲသွားသော ယုံကြည်မှုကို ပြန်လည်တည်ဆောက်လိုသော် ဖြစ်နိုင်ချေရှိသော်လည်း အက်ရာတော့ ထင်ကျန် နေကြောင်းကိုလည်း ၄င်းက ထောက်ပြဝေဖန်ခဲ့သည်။ နဂိုမူလ ယုံကြည်မှုတည်ဆောက်ခြင်း အနေအထားသို့ ပြန်လည် ရောက်ရှိစေရန် အတော်မလွယ်ကူကြောင်းလည်း သုံးသပ်ပြခဲ့သည်။

ထို့ကြောင့်ပင် အစပျိုးအခြေအနေမှသည် အတိုင်းအတာတစ်ခုအထိ ခိုင်မာစွာတည်ဆောက်ခဲ့သည့် ယုံကြည်မှုကို လွယ်လင့်တကူ ပျက်စီးစေမည့် နည်းလမ်းများမှ ရှောင်ရှားဖို့ လိုပေလိမ့်မည်။ လူဟူသည် ဆက်ဆံရေးသတ္တ၀ါ (Social Animal) ဖြစ်သည့်အလျောက် တစ်ဦးတည်း ရှင်သန်ရပ်တည်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းသို့ တစ်နည်းမဟုတ် တစ်နည်းဖြင့် ၀င်ဆန့်ပေါင်းသင်းရမည် ဖြစ်သည်။ ထိုသို့ လူ့ပတ်ဝန်းကျင်တွင် အောင်မြင်စွာ လျှောက်လှမ်းနိုင်ရန် ယုံကြည်မှုတည်ဆောက်ခြင်းသည် များစွာအရေးပါပေသည်။

ယုံကြည်မှုတည်ဆောက်နိုင်သူသာ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးစသည်ဖြင့် နယ်ပယ်အားလုံးတွင် အများထက် သာလွန်သည့် အောင်မြင်သည့် အသီးအပွင့်ကို ရရှိခံစားနိုင်မည်ဖြစ်ပြီး၊ ရိုးသားမှု(Honesty)၊ အလေးထား ဆက်ဆံမှု (Respect)နှင့် ပွင့်လင်းမြင်သာမှု(Transparency)တို့ဖြင့် ယုံကြည်မှုတည်ဆောက်ခြင်း(Trust Building)ကို အောင်မြင်စွာ တည်ဆောက် နိုင်ပါစေဟု ဆန္ဒပြု လိုက်ပါသည်။

Credit to လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)

'' လူငယ် နှင့် ဘဝ ''



မိမိ '' ဘဝ '' ကြီးကို '' ရထား '' တစ်စီးလို့ သတ်မှတ်ကြည့်ပါ ………
သင်တို့ သွားနေကြတဲ့ '' အောင်မြင်မှု့ ''ပန်းတိုင် '' ဘူတာ '' ကို နည်းမျိုးစုံ / အခက်အခဲ မျိုးစုံ နဲ့ သွားနေကြရမှာပဲလေ ………®

ဒါပေမဲ့ အဲ့ဒီ '' ပန်းတိုင် '' ကို ရောက်ဖို့ ကြာနေတာ ဘာကြောင့်လည်း ……??? ပြန်စဉ်းစားကြည့်ပါ ………®

သင် '' အချစ် '' ဆိုတဲ့ '' ဘူတာ '' မှာ ဘယ်လောက် အချိန် ဖြုန်း ပြီးပြီလည်း……???

သင် '' အပေါင်းအသင်း '' ဆိုတဲ့ '' ဘူတာ '' မှာရော ဘယ်လောက် အချိန်ဖြုန်းပြီးပြီ လည်း ……??

သင် '' အပျော်အပါး '' ဆိုတဲ့ '' ဘူတာ '' တွေ / မလို အပ်တဲ့ '' ဘူတာ '' တွေ မှာ ဘယ်လောက် ကြာကြာ အချိန် ဆက်ဖြုန်း နေဦးမှာလည်း ……?????

အရာရာဟာ ……® အတိုင်းအတာတစ်ခုထက် လွန်သွားရင် မကောင်းပါဘူး ……©
'' တန်ဆေး …… လွန်ဘေး ပါ ''

မလိုအပ်တဲ့ '' ဘူတာ '' တွေမှာ သင် ဆက်ပြီး အချိန်ဖြုန်းနေ ဦးမယ် ဆိုရင်
သင် '' ရည်မှန်းချက် '' ပန်းတိုင်က သင့်အသက်အရွှယ်ကြောင့် … တစ်ဖြေးဖြေး ပိုဝေးသွားပါလိမ့်မယ် ……

တိုးတတ်နေတဲ့ခေတ်ကြီးမှာ '' တိုးတတ်အောင် '' လုပ်ဖို့ လွယ်ကူနေသလို … '' ပျက်စီးအောင် '' လုပ်ဖို့ လည်း အရမ်းလွယ်ကူနေပါတယ် ……®

ဒါတွေဟာ သင့်ကို ပြုပြင်ထိန်းသိမ်း နိုင်မယ် သင့် ဦးနှောက် / သင့်အသိစိတ်ဓါတ် / သင့်ရွေးချယ်မှု့ နဲ့ပဲ ဆိုင်ပါတယ် ………®

'' အချိန် '' တွေက အရမ်းကို တန်ဖိုး ရှိပါတယ်
'' တန်ဖိုး '' ရှိတဲ့အချိန်တွေကို
ခု ချိန်မှာ အသုံးမချတတ်ဘူးဆိုရင် ''

'' နောင် '' တစ်ချိန် '' နောင်တ တရား ''ဆိုတဲ့ အရာနဲ့ ထိပ်တိုက် ရင်ဆိုင် ကြုံ တွေ့ရတဲ့အခါ ………©
'' ဒူထောက် '' အရှုံးပေးရသူက သင်ဖြစ်သွားပါလိမ့်မယ် ………®

ဒီစာကို ဖက်ပြီရင် သင် ဘာတွေ '' စ ''လုပ်သင့်ပြီလည်း / ဘယ်လိုတွေကြိုးစားပြင်ဆင်ရတော့မလည်း / ဆိုတာ သဘောပေါက်လာပါလိမ့်မယ် ……®
**********------------***********

#ဂျူးဂျူးပန်ထွာ

Saturday, April 15, 2017

တချိန်ယူမယ့်ဇနီးလောင်းသို့........



ငါ့ထက် တော်သည်ဖြစ်စေ
ငါ့ထက်ညံ့သည်ဖြစ်စေ ထိုအရာတွေကို မေ့လိုက်ပါ

ငါက သွားမယ်ဆို နင့်ကိုတိုင်ပင်မယ်
နင်ကလုပ်စရာရှိမယ်ဆိုလည်း ငါ့အကုန်ပြောရမယ်

နင်မပြောတဲ့ကိစ္စမှန်သမျှ ငါမမေးဘူး
ငါမပြောတဲ့ကိစ္စမှန်သမျှလည်း နင်နားလည်ပေးဖို့လိုတယ်

နင်မဖြေရှင်းနိုင်တော့တဲ့ ပြဿနာမျိုးတွေဆို ငါ့ကိုပြောပါ
ငါမဖြေရှင်းနိုင်တဲ့ ကိစ္စမျိုးတွေဆိုလည်း ရင်ဖွင့်တိုင်ပင်ပါ့မယ်

ငါတို့အနာဂတ်အတွက် အစီအစဉ်ကိုဆွဲပါ
ဘယ်အရာမှ အစီအစဉ်မရှိပဲ စနစ်တကျ
မအောင်မြင်နိုင်ဘူးဆိုတာ ယုံပေးပါ

နင်ဗြူးတီးစလွန်းသွားသွား
ကြိုက်တာတွေပဲဝယ်ဝယ် ငါဘယ်တော့မှဝင်မပြောဘူး
ငါတို့ဝင်ငွေ ထွက်ငွေကိုလည်း နင်သိနေလောက်ပြီ
ငါရွေးချယ်ခဲ့တဲ့ ဇနီးလောင်းအပေါ် ငါယုံတယ်

နင့်ကိုလည်း လိုတာထက် ပိုမချုပ်ချယ်ပါဘူး
ငါ့ကိုလည်း တချို့ကိစ္စတွေနားလည်ပေးပါ
နင်လည်း ငါ့ကနင့်ကို ပိုချစ်လာအောင် အမြဲကြိုးစားပါ
ငါလည်း နင်'ငါ့ကို တနေ့ထက်တနေ့ပိုချစ်လာအောင်
အမြဲကြိုးစားနေမှာပါ

ပတ်ဝန်းကျင်နဲ့အဆင်ပြေအောင်နေပါ
စကားမရှုပ်ပါနဲ့ မိန်းကလေးတစ်ယောက် စကားရှုပ်တာ
ယောက်ျားလေးတစ်ယောက် နောက်မိန်းမငယ်နဲ့ရှုပ်တာနဲ့ အကျိုးရလဒ်အတူတူပဲ
ငါလည်း ဘယ်တော့မှမရှုပ်ဘူး
နင်လည်းဘယ်တော့မှမရှုပ်ပါနဲ့

ငါတို့သားသမီးတွေအတွက် ငါတို့ကစံပြနမူနာ
အမြဲဖြစ်နေရမယ် ငါတို့ စိတ်အခန့်မသင့်လို့ အဆင်မပြေတွေဖြစ်နေခဲ့ရင်တောင်
ကလေးတွေရှေ့မှာ ကြင်နာပြနေရမယ်

ငါကျရှုံးစေမယ့်အရာမှန်သမျှ နင်ကျရှုံးတာလို့တွေးပေးပါ
နင့်ကို သိက္ခာကျစေတဲ့ကိစ္စမှန်သမျှ ငါ့ကိုတံတွေးနဲ့
လာထွေးတယ်လို့ ခံယူထားပါမယ်

ငါလည်း အမြဲမမှန်နေနိုင်ဘူး
နင်လည်း အမြဲမမှန်နေနိုင်ဘူး
အမြဲတမ်းမမှားဖို့ပဲ ကြိုးစားမယ်
ငါအားလျော့ရင် နင်ဖေးကူပါ
နင်လဲကျရင် ငါပွေ့ချီမှာပါ

ငါတို့က လောကဓံလှိုင်းလုံးကို လက်တွဲပြီးစီးရမယ့်သူတွေပါ
အချစ်ဆိုတာ အပေါ်ယံနှမ်းဖြူမဟုတ်သလို
ပေါ်ပင်ကိစ္စတစ်ခုလည်းမဟုတ်ဘူး
ငါ့မျက်ဝန်းကို နင်ဖတ်နိုင်အောင်ကြိုးစားပါ
နင့်အိပ်မက်ကို ငါသိမြင်နေနိုင်အောင်ချစ်ပါ့မယ်

ဘယ်ကာလ ဘယ်အချိန် ဘယ်အသက်အရွယ်ပဲ
ရောက်ရောက် နင့်ကို ချစ်ခွင့်ပန်တုန်းကအချိန်ကလိုပဲ အမြဲရင်ခုန်စွာချစ်နေပါ့မယ်
အသက်အရွယ်ကြီးလာတာနဲ့အမျှ
နင့်ဘေးနားမှာ လူတွေတဖြည်းဖြည်းနည်းလာမယ်
ငါ့ဘေးနားမှာလည်း လူတွေတဖြည်းဖြည်းလျော့လာလိမ့်မယ်
တလောကလုံးမှာဘယ်သူမှ မရှိတော့တဲ့နောက်
နင့်ဘေးနားမှာ ငါရှိနေမယ်ဆိုရင်
ငါ့ဘေးနားမှာ နင်ရှိနေမယ်ဆိုရင် အဲဒါငါတို့ချစ်ခြင်းသစ္စာပဲ

ပြီးတော့ ငါတို့ကလေးတွေဟာ စိတ်ဒဏ်ရာကင်းရမယ်
အတွေးအခေါ်ရှိရမယ် လွတ်လပ်စွာနေထိုင်နေရမယ်
ချစ်ခြင်းရယ် အနုပညာရယ်ကို ခံစားနိုင်စွမ်းရှိရမယ်
( အနုပညာကိုဖန်တီးနိုင်ခဲ့ရင်တော့ အပျော်ဆုံးပေါ့ )
ငါတို့ထက် အဆပေါင်းများစွာ ပိုတော်နေရမယ်
ငါတို့ရဲ့ ပန်းတိုင်ဟာ . . . ငါတို့ရဲ့ချစ်ခြင်း
ပြီးတော့ . . . ငါတို့အနာဂတ်လောင်းလေးတွေ....


Credit to original upload

အသဲကွဲသူများသို့ ပေးစာ....



အသဲကွဲတယ်ဆိုတဲ့အချိန်က အသုံးချတတ်ရင် ဘဝမှာအောင်မြင်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ အဲဒီလိုအချိန်မျိုးက ကိုယ်မပိုင်ဆိုင်နိုင်တော့တဲ့ သူတယောက်ကို ရင်ဘတ်နဲ့ဦးနှောက်ထဲက ထုတ်မရဖြစ်နေတဲ့အချိန်ပါ။ အဲဒီလူကို ရင်ဘတ်နဲ့ဦးနောက်ထဲက ထုတ်နိုင်ဖို့ဆိုတာ ကြီးမားတဲ့ခွန်အားနဲ့စွမ်းအင်ကို အသုံးပြုရပါတယ်။ ဒီနေရာမှာ လူ ၂ မျိုး ကွဲသွားပါတယ်။ တချို့က အသဲကွဲလို့ အရက်သောက်တယ်။ သတ်သေဖို့ ကြိုးစားတယ်။ မူးယစ်ဆေးဝါး သုံးစွဲတယ်။ ကလေကချေ ဖြစ်သွားတယ်။ ပြီးတော့ သူ့ကြောင့်ဘဝပျက်တာဆိုပြီး သူများကို စွပ်စွဲသေးတယ်။ တကယ်တော့ သင့်ဘဝကို သင်က လွဲပြီးဘယ်သူမှ မပိုင်ပါဘူး။ သူပိုင်တယ် ဆိုရင်တော့ သင်က ရူးရူးမိုက်မိုက် သွားပေးထားလို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သင်သိထားဖို့က အချိန်မရွေးပြန်ယူလို့ရတယ်။ သင့်ဘဝက သင်အပိုင်ပါ။

နောက်တစ်မျိုးက အသဲကွဲရင် အလုပ်ပိုကြိုးစားတယ်။ သူ့ကိုခေါင်းထဲက ထုတ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားတယ်။ သူ့အကြောင်းတွေးရင်း ကုန်သွားမယ့် စွမ်းအင်တွေကို အကျိုးရှိမယ့်နေရာမှာ အသုံးချဖြစ်တယ်။ Energy transform လုပ်တတ်ကြတယ်။ အသဲကွဲရာကနေ ဖြစ်ပေါ်လာတဲ့ စွမ်းအင်က လူတစ်ယောက်ကို အောင်မြင်အောင် ပြုလုပ်ပေးနိုင်တယ်။ အဲဒီလိုလူမျိုးကို ကိုယ်တိုင် မြင်ဖူးပါတယ်။ ဗီယက်နမ်လို ဆင်းရဲပြီး မဖွင့်ဖြိုးသေးတဲ့ နိုင်ငံတခုမှာ အွန်လိုင်းကနေ အလုပ်အကိုင်ရှာဖွေရေးဝက်ဆိုဒ် www.vietnamworks.com ကို တည်ထောင်ခဲ့တဲ့ Jonah Levey ပါ။

သူ့ဘဝအကြောင်းပြောပြတာကို အခါအခွင့်သင့်လို့ နားထောင်ခဲ့ရပါတယ်။ သူက အမေရိကန်နိုင်ငံသားပါ။ ငယ်ငယ်လေးကတည်းက သူအရမ်းချစ်ရတဲ့ သူ့ချစ်သူကောင်မလေးက လမ်းခွဲသွားတဲ့အခါ သူအလူးအလဲ ခံစားခဲ့ရပါတယ်။ ဒါနဲ့ စိတ်ပြေလက်ပျောက် ခရီးထွက်ရင်း သူအကြံတခုရခဲ့ပါတယ်။ နေ့တဓူဝ CV တစောင်နဲ့ မြို့ထဲပတ်ပြီး အလုပ်ရှာနေရတဲ့ သူတွေကို မိုဘိုင်ဖုန်းပေါ်ကနေ အလုပ်ရှာနိုင်အောင် ကူညီပေးနိုင်တဲ့ idea ကို သူရခဲ့တယ်။

အင်တာနက်ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန် အွန်လိုင်းကနေ အလုပ်ရှာလို့ရမယ့် ဝက်ဆိုဒ်တခု တည်ဆောက်မယ်ဆိုတာ အဲဒီအချိန်က သင်ကြားရင်လည်း အရမ်းရူးမိုက်တဲ့ idea လို့ သင်ပြောပါလိမ့်မယ်။ ဒါပေမဲ့ Jonah က လုံးဝဇွဲမလျော့ပါဘူး။ သူကျရှုံးပြီး အိမ်ပြန်ချင်ခဲ့တာလည်း အကြိမ်ကြိမ်ပါဘဲ။ ဒါပေမဲ့ လှဲကျတိုင်း သူပြန်ထခဲ့တယ်။ အခုတော့ ဗီယက်နမ်တနိုင်ငံလုံးမှာ အကျော်ကြားဆုံးအွန်လိုင်း အလုပ်အကိုင်ရှာဖွေရေးဝက်ဆိုဒ်ကို ပိုင်ဆိုင်နေပြီး ဗီယက်နမ်သူ ဇနီးသည်ချောချောလေးရယ် သားသမီးတွေရယ်နဲ့ သူ့ဘဝ ပျော်စရာအတိ ဖြစ်နေပါပြီ။

လောကကြီးမှာ မိမိတို့ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာထက် ထိုအဖြစ်အပျက်ကို မိမိက ဘယ်လိုတုံ့ပြန်မလဲဆိုတာ အရေးကြီးပါတယ်။ သင့်ရဲ့ တုံ့ပြန်မှုပေါ် မူတည်ပြီး သင့်ဘဝ ပိုကောင်းသွားနိုင်သလို ပျက်လည်း ပျက်သွားနိုင်ပါတယ်။ အချစ်က အရေးကြီးတဲ့ တစိတ်တပိုင်းပါ။ ဒါပေမဲ့ အချစ်က ဘဝမဟုတ်ပါဘူး။

လောင်စာထဲမှာ အလွမ်းလောင်စာက နူးကလီးယားလောင်စာထက်ပြင်းတယ်.... သင်ဘယ်နေရာမှာ အသုံးချမလဲဆိုတာပဲ မူတည်ပါတယ်....

သူစိတ်ဓါတ်ကျတိုင်း ဖတ်ဖို့ - မိုးရှင်း ( I M T ) မှ ကူးယူဖော်ပြသည်။

Friday, April 14, 2017

Professional တစ်ယောက်ရဲ့ အရည်အချင်း



(Professional)Pro..ပရိုဖက်ရှင်နယ်..ဆိုတဲ့စကားလုံးကိုကျယ်လောင်စွာပြောလာနေကြတဲ့ယနေ့ခေတ်လူငယ်များအတွက်ပရိုဖက်ရှင်နယ်တစ်ယောက်ရဲ့အရည်အချင်းများကို ဖြည့်ဆည်းပိုင်ဆိုင်နိုင်ကြစေဖို့… ဖော်ပြလိုက်ရပါသည်။

1. Commitment
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ မိမိ လုပ်တဲ့ အလုပ်မှာ အာရုံ စူးစိုက်နစ်ဝင်မှု ရှိရမယ်။

2. Responsibility
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ မိမိလုပ်တဲ့အလုပ်ကိုတာဝန်ယူရဲတဲ့သတ္တိ၊တာဝန်ယူလိုတဲ့စိတ်ရှိရမယ်။

3. Determined
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ ဆုံးဖြတ်ချက် ခိုင်မာရမယ်။

4. Vision
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ ခြုံငုံသုံးသပ်နိုင်စွမ်း ရှိရမယ်။ ရှေ့ကို ကြိုမြင်တဲ့ အရည်အချင်း ရှိရမယ်။

5. Compromise
ပရော်ဖက်ရှင်နယ်တစ်ယောက်ဟာ ငြင်းခုန်မှုတွေကြားကနေသဘောတူညီမှုတခုကိုရအောင်ညှိယူနိုင်ရမယ်။

6. Stand on Principle or Ethics
ပရော်ဖက်ရှင်နယ်တစ်ယောက်ဟာကိုယ့်ရဲ့ကိုယ်ကျင့်သိက္ခာတရား။ကိုယ့်ရဲ့စံ၊မူဝါဒကိုစွဲကိုင်ထားနိုင်သူ ဖြစ်ရမယ်။

7. Efficiency
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ အလုပ်တစ်ခုကို ထိရောက်အောင် စွမ်းဆောင်နိုင်သူ ဖြစ်ရမယ်။

8. Managing
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ အုပ်ချုပ်မှုပညာကို သိကျွမ်းနားလည်သူ ဖြစ်ရမယ်။

9. Assessment
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ ကိုယ် လုပ်ခဲ့တဲ့အလုပ်ရဲ့ အကျိုးအမြတ်၊ အရှုံးတွေကို ရဲရဲဝံ့ဝံ့ ပြန်လည် သုံးသပ်နိုင်သူ၊ သုံးသပ်တတ်သူ ဖြစ်ရမယ်။

10. Sharing & Participation
ပရော်ဖက်ရှင်နယ်တစ်ယောက်ဟာမျှဝေပေးနိုင်သူ ဖြစ်ရမယ်။အဖွဲ့အစည်းတွင်းပူးပေါင်းလုပ်ဆောင်လိုစိတ် ရှိသူ ဖြစ်ရမယ်။

11. Society
ပရော်ဖက်ရှင်နယ် တစ်ယောက်မှာ သူနဲ့ ထပ်တူထပ်မျှ ခံစားနိုင်မဲ့၊ သူ့ကို နားလည်နိုင်မဲ့ အဖွဲ့အစည်း၊ အသင်း အဖွဲ့ တစ်ခု ရှိရမယ်။

12. Income
ပရော်ဖက်ရှင်နယ် တစ်ယောက်မှာ သူ့ရဲ့ ပညာအရည်အချင်းနဲ့ ကိုက်ညီတဲ့ ၀င်ငွေ တစ်ခုတော့ ရှိရမယ်။

13. Courage
ပရော်ဖက်ရှင်နယ် တစ်ယောက်ဟာ သူယုံကြည်တဲ့ အရာကို လုပ်ရဲတဲ့ သတ္တိနဲ့ မိမိကိုယ်ကို ယုံကြည်မှု ရှိရမယ်။

လူငယ်တိုင်းအိမ်မက်ကိုအကောင်အထည်ဖော်ပြီး အောင်မြင်တဲ့ဘ၀ကိုပိုင်ဆိုင်နိုင်အောင်ကြိုးစားကြပါဟုဆန္ဒပြုရင်း။

Credit-Mi Panda

စိတ်အဟာရ

ပါးပြင်းလေးတော့ထောင်လိုက်ပါ

တစ်ခါက တောရွာတစ်ရွာရဲ့အနီးမှာ အင်မတန် ထူထပ်လှတဲ့ မြက်ရိုင်းပင်တွေ တောထ ပေါက်ရောက်နေခဲ့ပါသတဲ့..။ အဲဒီမြက်ရိုင်းအုပ်ထဲမှာတော့ အင်မတန် အဆိပ်...

သက်မွေးပညာ